မိုးညှင်းမြို့သည် ကချင်ပြည်နယ်၏ တောင်ဘက်စွန်းမြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆၈၅ ပေ မြင့်ပြီး အရှေ့ဘက်တွင် ဂန့်ဂေါ်တောင်တန်း၊ အနောက်ဘက်တွင် မှန်ကင်းတောင်တန်းရှိသည်။ နန့်ယင်းချောင်းသည် တောင်မှမြောက်သို့ မိုးညှင်းမြို့အလယ်မှ ဖြတ်သန်းစီးဆင်းနေသည်။ မိုးညှင်းမြို့အား အေဒီ ၁၁ ရာစုတွင် ဆေကျန်ဖမှ ဥဗျိုင်းကို အတိတ်နိမိတ်ယူပြီး ”မိမ်းယမ်း” ဟု အမည်ပေး တည်ထားခဲ့သည်။ ရှမ်းဘာသာစကားဖြင့် မိမ်း-မြို့၊ ယမ်း-ဗျိုင်းဖြစ်၍ ဗျိုင်းမြို့ဟု အဓိပ္ပာယ်ရသည်။ သက္ကရာဇ် ၇၆၃-၇၈၇ တွင် အင်းဝ နန်းစံသော ပထမမင်းခေါင်သည် မြို့လှစားခုဒိန်အား ၇၆၄ ခုနှစ်တွင် မိုးညှင်းမြို့ကိုစားစေသည်။ သတိုးဘွဲ့ပေးအပ်ကာ တောင်တွင်းမင်းသမီး ရှင်မိမြတ်နှင့် စုံဖက်စေခဲ့သည်။ မိုးညှင်းသတိုးမင်းလည်း သက္ကရာဇ် ၇၆၅ ခုနှစ်တွင် အများပြည်သူကြည်ညိုသဒ္ဓါပွားနိုင်စေရန် မြို့တည်ရာ နန်းအနီး စေတီတစ်ဆူ တည်လေသည်။ သတိုးမင်းကိုယ်တိုင် ရွှေပန္နက်၊ ငွေပန္နက်တင်ပြီး ရွှေအုတ်၊ ပတ္တမြားအုတ်၊ ငွေပုတ်အုတ်တို့ကို ချတော်မူသည်။ စေတီတော်ကြီး၏ ဖိနပ်တော် ပေ ၈ဝ ကျော်တွင် ရွှေငွေကျောက်သံပတ္တမြားများ၊ ဒုတိယပစ္စယံနှင့် အထက်ပစ္စယံတွင် ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်မွေတော်များ၊ ဆင်းတုတော်များ၊ ဌာပနာ ထားသည်ဟု မှတ်တမ်းများက ဆိုလေသည်။
မိုးညှင်းသတိုးမင်းသည် စေတီတော်ကြီး တည်သောအခါ လိမ္မာပါးနပ်လှသော ဆင်လည်ဖြူကြီးတစ်စီးဖြင့် ဘုရားပြီးမြောက်သည် အထိ အုတ်ရရှိစေရန် မြေနင်းခြင်းကောင်းမှုပြုစေခဲ့သည်။ ယင်း ဆင်ကြီးကို ရှမ်းဘာသာအားဖြင့် ”စန့်ခေါဖိတ်” ဟုခေါ်ကြသည်။ ဆင် လည်ပင်းဖြူသို့မဟုတ်ဆင်လည်ဖြူဖြစ်လေသည်။ စေတီကြီးပြီးမြောက် သည့် အချိန်တွင်လည်း ဆင်ကြီးစွမ်းအားကို ဂုဏ်ပြုသောအားဖြင့် ”ဖရားစန့်ခေါဖိတ်” ဟု ဘွဲ့တော်မည်ခဲ့လေသည်။ မိုးညှင်း သတိုးမင်း လည်း အင်းဝသီဟသူမင်း နတ်ရွာစံသောအခါ မိုးညှင်းမင်းတရားကြီး ဘွဲ့တော်ဖြင့် အင်းဝကို မင်းပြုခဲ့လေသည်။
သက္ကရာဇ် ၈၄၂ မှ ၈၆၃ ခုနှစ်အတွင်း မိုးညှင်းကို စလုံစော်ဘွား အုပ်ချုပ်ခဲ့ပြီး မိုးညှင်းသတိုးမင်းတရားကြီး တည်ထားခဲ့သော စန့်ခေါ ဖိတ်စေတီတော်မှာ ဟောင်နွမ်းယိုယွင်းနေသည်ကို မြင်တော်မူဖြင့် ရဟန်း သံဃာပညာရှိ၊ မှူးမတ်တို့နှင့်တိုင်ပင်ပြီး စလုံစော်ဘွားကိုယ်တိုင် ကုသိုလ်ပြုမွမ်းမံရောင်တော်ဖွင့်ခဲ့သည်။ စလုံစော်ဘွားသည်လည်း မိုးညှင်းတွင် ၄၅ နှစ်တာ အုပ်ချုပ်ပြီး သက္ကရာဇ် ၈၈၈ ခုနှစ်တွင် အင်းဝထီးနန်းကို စိုးစံခဲ့ရပြန်သည်။ သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် နာဂရမည်သော မိုးညှင်းမြို့သစ်ကို တည်ကြသည်။ မိမ်းယမ်း အမည်မှသည် မိုးညှုင်းမြို့ဟုခေါ်စမှတ်ပြုခဲ့ကြ လေသည်။ သက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် လက်ပန် တန်းဆရာတော် ဦးကဝိ ဦးဆောင် ၍လည်းကောင်း၊ ၁၂၉၂ ခုနှစ်တွင် နမ့်ပုတ်ရွာဆရာ တော်ဦးပဒုမနှင့် ဒကာ၊ တကာမများမှလည်း ကောင်း၊ ၁၃၃၂ ခုနှစ်တွင် နမ့်ပုတ်ရွာသား များမှ ဦးဆောင်၍ ပြုပြင်တည်ဆောက်ခဲ့ရာ ဖိနပ်တော်မှ ဥာဏ်တော် အတောင် ၃ဝ ထိ ဆောင်ရွက်ပြီးစီးခဲ့၏။
သို့သော်လည်း ၁၃၃၅ ခုနှစ် မိုးရာသီတွင် ပြိုကျခဲ့ပြန်လေသည်။ ၁၃၃၅ ခုနှစ် တပို့တွဲလတွင် စတုတ္ထအကြိမ်မြောက် ဇွဲ့မလျော့ဘဲ အနီးအနားရှိ ဒေသခံကျေးရွာများမှ အလှူရှင်များစုပေါင်းပြီး ထပ်မံတည်ထားကြပြန် ခဲ့ရာအပြီးမသတ်နိုင်ခဲ့ ဘဲ ၁၃၃၉ ခုနှစ်တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ဖောင်တော် ဦး ကျောင်းတိုက်တွင် သီတင်းသုံးသော ဆရာတော်ဦးသောဘိတ ဦးဆောင်မှုဖြင့်စေတီအား အသစ်မွမ်းမံပြင်ဆင်ခဲ့ပြန်သည်။ တပေါင်း လဆုတ် ၄ ရက် (၂၇.၃.၁၉၇၈)ရက်နေ့တွင် ပထမအဆင့် ပလ္လင်၊ တပေါင်းလဆုတ် ၁၃ ရက် (၅.၄.၁၉၇၈)ရက်နေ့တွင် ပထမပစ္စယံတို့ကို ပြီးစီး၍ ရွှေငွေရတနာ၊ ဗုဒ္ဓဆင်းတုတော်နှင့် ဓာတ်တော်များ ဌာပနာခဲ့သည်။ တပေါင်းလဆုတ် ၁၅ ရက် (၇.၄. ၁၉၇၈)ရက်နေ့တွင် တတိယပစ္စယံအထိ ပြီးစီး၍ ဆင်းတုတော်နှင့် ရတနာမျိုးစုံဌာပနာသွင်း ခဲ့ကြပြန်သည်။ ၁၃၃၉ ခုနှစ်နှောင်း တန်ခူးလဆန်း ၅ ရက် (၁၂.၄. ၁၉၇၈)တွင် စေတီတော်အုတ်ရိုး၊ အကြမ်းပြီးစီးပြီး ပန်းတင်ခုံ အောက်ခြေတွင်လည်း ဥာဏ်တော် ၉ တောင်ရှိ အရန်စေတီလေးဆူတစ်ပြိုင်တည်းတည်ခဲ့သည်။
နှောင်းတန်ခူးလဆန်း ၉ ရက်တွင် စေတီတော်ကြီး အချောကိုင် ပြီးစီးသဖြင့် ထီးတော်တင်ပွဲကို ဆင်ယင်ကျင်းပခဲ့သည်။ ”စန့်ခေါဖိတ်(ခေါ်)ရန်အောင်မြင်စေတီ”ဟု ဘွဲ့တော်ဆက်ကပ်ပြီး ထုံးသင်္ကန်းဖြင့် ရောင်တော်ဖွင့်ခဲ့ကာ နမ့်ပုတ်ရွာကျောင်းဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ နန်းဘုံကျောင်းဆရာတော်အပါအဝင် နမ့်ပုတ်ရွာဂေါပက အဖွဲ့မှ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင်စောင့်ရှောက်ခဲ့ကြသည်။ ၁၃၇၄ ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက် (၃၁.၃.၂ဝ၁၃)ရက်နေ့တွင် ထီးတော်သစ်နှင့် စိန်ဖူးတော်တင်လှူခြင်း၊ စေတီတော်ကြီးနှင့်အရန် စေတီများအားလည်း ၁၃၃၉ ခုနှစ် မှ ၁၃၇၅ ခုနှစ်အတွင်း ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများအား ဆောင်ရွက်နိုင်ခဲ့သည်
သုခိအတ္တာနံပရိဟန္တု။
နိုင်ထွန်း(TGI)