ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့မြင့်တက်ကာ မိုးကောင်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဇွန် ၂၀ ရက်မှညပိုင်းမှစတင်၍ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများကြောင့် ယင်း နေအိမ်များ၌နေထိုင်သူများကို ဇွန် ၂၁ ရက်နံနက်ပိုင်းမှစတင်ကာ ရေဘေးလွတ်ကင်းသည့် ယာယီရေဘေးကယ် ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းတွင်လည်း ရေဝင် နေသော နေအိမ်များမှအိမ်ထောင်စုများအား ကချင် ပြည်နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပေးဆပ်သူပရဟိတအသင်းဝင်များ၊ ရွှေလင်းယုန်ပရဟိတအသင်းဝင်များ၊ ရင်ငြိမ်းပန်းပရဟိတအသင်းဝင်များ၊ ကချင် RC ခရစ် ယာန်အသင်းမှအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အ စည်းများက စားရေရိက္ခာများလိုက်လံထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
