ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နမ့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းသို့ ရေဝင်ရောက်နေသဖြင့် ဇွန် ၂၀ ရက်မှစတင်ကာ မီးသတ်တပ် ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက ရေဘေးသင့်သူ များအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေထိုင်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ရင်ငြိမ်းပန်းပရဟိတကွန်ယက်က ထမင်းနှင့် ဟင်းများကိုချက်ပြုတ်လှူဒါန်းပေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်တွင်လည်း ရေဘေးသင့်သူ(၁)သောင်းစာအတွက် ချက် ပြုတ်လှူဒါန်းရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
” ရင်ငြိမ်းပန်းပရဟိတကွန်ယက်ရုံးမှာလဲ ရေတွေဝင်နေပေမယ့် မဖြစ်မနေချက်ပြုတ်လှူဒါန်းပေးနေတာပါ။ ဆန်အိတ်တွေကိုရေလွတ်ရာရွှေ့ပြီး မီးဖိုကြီးတွေနဲ့ချက် ပြုတ်နေကြပါတယ်”ဟု ရင်ငြိမ်းပန်းပရဟိတကွန်ယက်က အသိပေးပြောကြားခဲ့သည်။
လက်ရှိအချိန်၌ မိုးဇလ၏ ယနေ့ ဇွန် ၂၁ ရက်ထုတ်ပြန်ချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခွဲခန့်၊ နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခန့်ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
