ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက ငါးခေါင်းပွ ပိဿာချိန် (၈၄၀၀၀) ထိ တင်ပို့ရောင်းချခဲ့ကြောင်း မအူပင်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ငါးခေါင်းပွ ပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ (၁) ရက်မှ (၃၁) ရက်အထိ ငါးခေါင်းပွ ပိဿာချိန် (၈၄၀၀၀) ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။
“မအူပင်မြို့နယ်ကနေ ထွက်ရှိတဲ့ ငါးခေါင်းပွငါးတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလ ပထမပတ်ကနေ ငါးခေါင်းပွတွေ တင်ပို့မှုပိုမိုကောင်းမွန်လာတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွငါးက ဝယ်လိုအားကောင်းနေတယ်။ လက်ရှိ ငါးခေါင်းပွငါးတွေဝယ်လိုအား ကောင်းလာသလို ဈေးလဲကောင်းလာတယ်” ဟု မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
မအူပင်မြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်းပွ ငါးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။
ထိုသို့ တင်ပို့ရောင်းချရမှု အားကောင်းလာခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်းလည်း သိရသည်။
