မလေးရှားနိုင်ငံတွင် ကုန်တင်သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး မြန်မာသင်္ဘောသား (၄) ဦးအပါအဝင် (၉) ဦး ပျောက်ဆုံးနေကြောင်း မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (Maritim Malaysia)က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင်လ (၂၀) ရက်တွင် မလေးရှားနိုင်ငံ Sebuyau ရှိ Pulau Burung ရေပြင်၌ MV Tung Sung ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
Sarawak ပြည်နယ် ရေကြောင်းညွန်ကြားရေးမှူးက ဇူလိုင်လ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် Pulau Burung ၏ အနောက်မြောက်ဘက် ရေမိုင် (၄ဝ) ခန့်အကွာ Sebuyau ရေပြင်တွင် MV Tung Sung ကုန်တင်သင်္ဘောနစ်မြုပ်သွားကြောင်း သင်္ဘောစီမံခန့်ခွဲရေး အရာရှိထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
နစ်မြုပ်သွားသည့် MV Tung Sung သင်္ဘောသည် ကျောက်စရစ်များ တင်ဆောင်လာသည့်သင်္ဘောဖြစ်ပြီး ပျောက်ဆုံးနေသူများထဲတွင် မလေးရှားနိုင်ငံသား (၄) ဦး ၊ မြန်မာနိုင်ငံသား (၄) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။
ပျောက်ဆုံးနေသူများအား ရှာဖွေမှုကို ကယ်ဆယ်ရေးအဖွဲ့က ဇူလိုင်လ (၂၀) ရက် နေ့လယ်ပိုင်းမှ စတင်ကာ သင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် ည ၇ နာရီအထိ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယနေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် (၈) နာရီက စတင်ကာ ပျောက်ဆုံးနေသူတွေကို ထပ်မံရှာဖွေနေကြောင်း သိရသည်။