ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည့် ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ ဝေဟင်တွင် မလေးရှားလေကြောင်းလိုင်း လေယာဉ်တစ်စင်းပစ်ချခံခဲ့ရမှုတွင် ရုရှား မှာ တာဝန်ရှိသည်ဟူသော ကုလသမဂ္ဂလေကြောင်းဆိုင်ရာ ကောင်စီ၏ စီရင်ချက်သည် ဘက်လိုက်သည် ဟု ဆိုကာ ခရမ္မလင်က မေလ ၁၃ ရက် နေ့တွင် ပယ်ချခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ကောင်းကောင်းသိပါတယ်၊ ရုရှားနိုင်ငံဟာ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့နိုင်ငံမဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိပါတယ်။ ဒါကြောင့် ဘက်လိုက်တဲ့ ကောက်ချက်ချမှုတွေကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်က အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း MH-17 လေယာဉ်သည် ရုရှားလိုလားသော ခွဲထွက်ရေးသမားများနှင့် ယူကရိန်းတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည့် ယူကရိန်းအရှေ့ပိုင်းဝေဟင်တွင် ပစ်ချခံခဲ့ရသည်။
သေဆုံးခဲ့သူများတွင် နယ်သာလန်နိုင်ငံသား ၁၉၆ ဦးနှင့် သြစတြေးလျနိုင်ငံသား သို့မဟုတ် အမြဲနေထိုင်ခွင့်ရထားသူ ၃၈ ဦး ပါဝင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ဆက်နွယ်မှုအတွက် ရုရှား အမျိုးသားနှစ်ဦးနှင့် ယူကရိန်းအမျိုးသားတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် နယ်သာလန် တရားသူကြီးများက လူသတ်မှုဖြင့် မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့ရာတွင် စီရင်ချက်သည် မဟုတ်မမှန်လုပ်ကြံခြင်းဖြစ်သည်ဆိုကာ ၎င်း၏ နိုင်ငံသားများကို လွှဲပေးမည်မဟုတ်ဟု မော်စကိုက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်