ABIS ၏ခေါင်းဆောင်များ၏အလွတ်သဘောဆွေးနွေးပွဲအစီစဥ်တွင် ထိုင်းဝန်ကြီးချုပ်ကိုယ်စား ထိုင်းစီးပွားကူးသန်းဝန်ကြီးလာရောက်ဆွေးနွေး
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ကံတော်ကုန်ခဲ့ရှာပြီဖြစ်သော မယ်တော်ဘုရင်မကြီး သီရိခေတ်၏ တော်ဝင်ဈာပနအခမ်းအနားအတွက် နံနက် ၁၀ နာရီတွင် အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်မည်ဖြစ်၍ ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် သွားရောက်မည့် မလေးရှားနိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။
မယ်တော်ကြီးသည် သောကြာနေ့ည ၉း၂၁ နာရီတွင် ဘုရင်ချူလာလောင်ကွန်း အောက်မေ့ဖွယ်ဆေးရုံ၌ နတ်ရွာစံကံတော်ကုန်ခဲ့သည်ဟု ထိုင်းကြက်ခြေနီအသင်းနှင့် တော်ဝင်အိမ်တော်ဗျူရိုက ကြေညာခဲ့သည်။
စနေနေ့နံနက်ပိုင်းတွင် ဘန်ကောက် ထိုင်းအစိုးရအိမ်တော်ရှိ ထိုင်းနိုင်ငံအလံတော်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အားဖြင့် တိုင်တစ်ဝက်သာ လွှင့်ထူထားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သော မစ္စတာအနူတင်သည် တော်ဝင်ဈာပနအခမ်းအနားများအတွက် တာဝန်ပေးအပ်ရန် အစိုးရအဖွဲ့အစည်းအဝေး၌ သဘာပတိ အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။
မူလက စနေနေ့တွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာကာ တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ ကျင်းပမည့် ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သူကစီစဉ်ထားခဲ့သည်။ ယခုညနေကျင်းပမည့် ခေါင်းဆောင်များ၏ အလွတ်သဘော ဆွေးနွေးပွဲ ကို အနူတင်ကိုယ်စား စီးပွားကူးသန်းဝန်ကြီးက တက်ရောက်မည်ဟုသိရသည်။
သတင်းများအရ ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်မည့် ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ရန်အတွက် ခရီးစဉ်ကို တနင်္ဂနွေနေ့သို့ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပွဲကို ပြန်လည်စီစဉ်ရန် တောင်းဆိုထားဆဲဖြစ်ပြီး အကယ်၍ အမေရိကန်ပြည်ထောင်စုဘက်က အပြောင်းအလဲမလုပ်နိုင်ပါက မစ္စတာ အနူတင်ကိုယ်စား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောအား လက်မှတ်ရေးထိုးရန် တာဝန်ပေးအပ်မည်ဖြစ်သည်။
ယနေ့ ABIS ညနေခင်း ခေါင်းဆောင်များ၏အလွတ်သဘောဆွေးနွေးပွဲအစီစဥ်တွင် ထိုင်းဝန်ကြီးချုပ်အနုတင်ကိုယ်စား ထိုင်းစီးပွားကူးသန်းဝန်ကြီး မစ္စ စူပါဂျီး ဆုသမ်ပန်က အစားထိုး လာရောက်ဆွေးနွေးသွားခဲ့သည်။ထို စကားဝိုင်းမစခင်မယ်တော်ကြီးသီရိခေတ်ကွယ်လွန်သွား၍ ဝမ်နည်းခြင်းအထိမ်းအမှတ်အဖြစ် အစည်းအဝေး တက်ရောက်လာသူများက မတ်တတ်ရပ်၍ငြိမ်သက်စွာ ဂါရဝပြုခဲ့ကြသည်။
Ref: ဘန်ကောက်ပို့စ်
