မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိမန်းရွှေစက်တော်ရာ ပါဒစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်ဖြင့် ဘုရားဖူးလာသူများအဆင်ပြေစေရန် ပြင်ဆင်တည်ဆောက်ခဲ့သည့် အရှည် ပေ ၁၀၀၊ အကျယ် ၁၄ ပေရှိ သံဘောင်ဘေလီအထူးတံတားနှင့်အထူးမုခ်ဦးဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအား မင်းဘူးမြို့၊အမှတ်(၂)ရပ်ကွက်ရှိ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တညာဏိနှင့်ဆရာတော်၊သံဃာတော််များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။
ဗုဒ္ဓပူဇနိယပွဲတော်အထူးမုခ်ဦးအား မဟာဝိသုတာ ရာမတိုက်သစ် ပဓာနနာယက ဆရာတော်နှင့်မ ကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မန်းရွှေစက်တော်အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ်သျှောင်တော်ဖွင့်လှစ်ခြင်း၊ရွှေသင်္ကန်းကပ်လှူခြင်းနှင့်ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် အထက်စက်တော်ရာပါဒစေတီတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီးနောက် တောင်တွင်းကြီးမြို့၊ငှက်ပစ်တောင်ကျောင်း၏ ပဓာနနာယက မကွေးတိုင်း သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တိုင်းမှူးတို့က အထက်စက်တော်ရာပါဒစေတီတော်မြတ်ကြီးအား နမ္မဒါရေစင်သွန်းဖျန်းကာ ရွှေသင်္ကန်းတော်များ ဆက်ကပ်ပူဇော်ခဲ့ကြသည်။
မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီ ၂၅ ရက်မှဧပြီ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ရွှေစက်တော်မန်းချောင်းဆင်စခန်း၏ ၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာရောက်သူများအဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရန် ဘုရားပွဲတော်ကျင်းပရေးကော်မတီမှ တည်းခိုဆောင် ၁၀၀၀ လုံးဆောက်လုပ်ပေး၍ ညအိပ်တည်းခိုခွင့်ပြုထားကာ ဆိုင်ခန်းပေါင်း ၅၀၀ ခန်းကိုလည်း ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအဆင်ပြေစေရန် ခရီးသည်တင်ကားများလည်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


