မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
တေးသံရှင်များ၏ အခမဲ့ဖျော်ဖြေတင်ဆင်မှုများနှင့်အတူ အငြိမ့်ပွဲများလည်းပါဝင်မည်ဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖျော်ဖြေတင်ဆက်ခြင်းကို “မင်းထွေး”ဇာတ်အဖွဲ့မှဦးဆောင်၍ ဇာတ်မင်းသား၊ မင်းသမီးများဖြစ်သည့် မင်းထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်သည့် ချောကလက်၊ သူရိန်စိုး(လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်သည့် စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့က ရွှေခိုင်ဇော် မင်္ဂလာဆိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက် ကြာကျင်းပလုပ်လျက်ရှိပြီး စတင်ကျင်းပသည့်နေ့မှစ၍ ယနေ့အထိ ပြည်တွင်း/ပြည်ပမှဘုရားဖူးဧည့်သည် (၁၅၀၀၀)ကျော်လာရောက်ဖူးမြှော်ခဲ့ကြောင်း သိရသည်။