မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားတွင် ယနေ့ ဇူလိုင် ၈ ရက်နံနက်ပိုင်းမှစတင်၍ ယခုနှစ်၏ ဒုတိယအကြိမ်မြောက်အဖြစ် ရေကျော်စီးဆင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မန်းချောင်းရေမြင့်တက်ကာ ယနေ့ ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီခန့်မှစတင်၍ မန်းရွှေ စက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်တော်အထက်အထိ မန်းချောင်းရေများဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း သိရသည်။
” အခုတစ်ကြိမ်က ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ပါ။ ပြီးခဲ့တဲ့ ဇွန် ပထမပတ်တုန်းကလည်း မန်းချောင်းရေက အောက်စက်တော်ရာရင်ပြင်အထက်ထိ ဖြတ်ကျော်စီးဆင်းခဲ့ပါသေးတယ်။ မန်းချောင်းရေက ဇူလိုင် ၇ ရက်ညပိုင်းထဲကတိုးလာတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ မန်းချောင်းရေသည် မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ နဂါးအိုင်ဘက်မှစ၍ ရင်ပြင်တော်အထက်သို့ ဖြစ်ကျော်စီးဆင်းလျက်ရှိနေကြောင်း သိရသည်။
