မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်- ကျေးသီး -လဲချား-တောင်ကြီး-မန္တလေးလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။
မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်းအခြေအနေမှာ လမ်းခရီးတိုပြီး နေ့ချင်းရောက်နိုင်သော်လည်း နောင်ချိုနယ်အတွင်း တိုက်ပွဲများကြောင့် သတိပြသွားလာရန်လိုကြောင်းဆိုသည်။
ထို့အတူ ရွာငံ-ပင်းတယ-ရပ်စောက်- ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ ခရီးလမ်းအတိုဆုံးဖြစ်သော်လည်း မိုးရွာသွန်းထားမှုကြောင့် ပျက်စီးနေကာ ယာဉ်ကြီးယာဥ်ငယ်များ သွားလာရခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။
လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား- တောင်ကြီး-မန္တလေးလမ်းပိုင်းမှာ ခရီးလမ်းအဝေးဆုံးဖြစ်ကာ တစ်ညခရီးသွားရသော်လည်း တိုက်ပွဲများမရှိခြင်းကြောင့် ဒေသတွင်းခရီးသွားများစိတ်ချစွာ သွားလာနိုင်ကြောင်း သိရသည်။
သို့သော် လမ်းပိုင်း(၃)ပိုင်းလုံး၏ လမ်း ခရီးအခြေအနေသည် အချိန်မရွေးပြောင်းလဲနိုင်သဖြင့် စုံစမ်းမေးမြန်၍ သွားလာကြရန်လည်း လိုအပ်ကြောင်းဆိုထားသည်။
ပုံစာ- ယနေ့ ရွာငံ-ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းအား သွားလာနေသည့်ဒေသတွင်းခရီးသွားယာဉ်များ
