ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမန္တလေးတွင်ဆိုင်ကယ်ခိုးယူမှု၊လုယူမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ငလျင်ကြီးကြောင့်အဆောက်အဦများ ပြိုပျက်မှုနှင့်အတူ နေအိမ်ခြံဝင်းများတွင် ကာရန်ထားသည့် အုတ်တံတိုင်း အကာအရံများလည်း ပျက်စီးမှုများရှိခဲ့သည်။
ထို့ကြောင့်အများစုသည်လက်ရှိတွင်ဝါးကပ်များ၊ဇကာအစိမ်းများ သုံးစွဲ၍ ယာယီအဖြစ် ကာရန်ထားသော်လည်း ညအချိန်တွင်အလွယ်တကူ ဝင်ခိုးလာကြခြင်းဖြစ်သည်။
“ညဘက်တွေ လူစုဖွဲ့ပြီး ဝင်ယူတာဝင်ခိုးတာတွေရှိနေတယ်၊ စိန်ပန်းဘက်မှာ ရက်ပဲခြားတယ်၊ သုံးစီးပါသွားတယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြော သည်။
ထိုနည်းတူ နေ့ခင်းဘက်များတွင်ပါ ဆိုင်ကယ်များကိုလုယူခြင်းများလည်း ပိုမိုဖြစ်ပွားလာကြောင်းသိရသည်။
“ကျွန်မတို့ ကောလိပ်ကကောင်မလေးနေ့ခင်းဘက်မုန့်ထွက်ဝယ်တာ၊ သူ့ဆိုင်ကယ်နဲ့ ဘေးချင်းယှဉ်မောင်းပြီး ဆိုင်ကယ်ကိုကန်ပြီးလဲတော့ သူ့ကိုဖယ်ပြီး လုသွားတာ၊ ကောင်မလေး လက်ကျိုးသွားတယ်” ဟု ကြုံခဲ့ရသူ အမျိုးသမီးနှင့် ရင်းနှီးသူကပင် ပြောသည်။
မန္တလေး မနော်ရမံ ညစျေးတန်း၊ မုန့်ဆိုင်များ၊စာရသောက်ဆိုင်တန်းများ အနီးတွင်ရပ်တန့်ထားသော ဆိုင်ကယ်များမှာလည်း ခိုးယူခံရခြင်းများကြုံလာရပြီး ခိုးယူသူများမှာအဖွဲ့လိုက်ဖြင့် လိုက်လံခိုးယူနေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
