မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မြို့တွင်းလမ်းများနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ မိုးသည်းထန်စွာရွာ သွန်းချိန်တွင် ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် မန္တလေးမြို့တော်စည်ပင်၏ ရေနှင့် သန့်ရှင်းမှုဌာနပိုင် မိုးရေစွန့်ထုတ်စက်ရုံ(၄)ခုမှ ရေစုပ်စက်ကြီးများဖြင့် မောင်းနှင်စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေခဲ MBCCD မိုးရေစွန့်ထုတ်စက်ရုံရှိ ရေမှတ်မှာပုံမှန်အခြေအနေထက် (၃) လက်မခန့်မြင့်တက်လာ၍ ရေစုပ်ပန့် (၂၆)လုံးဖြင့် မိုးရေများကိုစွန့်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
” ကျန်တဲ့နေရာတွေမှာလည်း ရေထိန်းတံခါးတွေ၊ ရေမှတ်တွေရဲ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ ၂၆ သင်္ဂဇာစက်ရုံကတော့ အနီးနားမြေနိမ့်ရပ်ကွက်တွေရေဝင်လို့ မြန်မြန်ရေကျသွားအောင် စက်တွေနဲ့မောင်းနှင်စုပ်ထုတ်ပေးနေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ရွှေခဲ MBCCD ယာယီမိုးရေစွန့်ထုတ်စက်ရုံ၊ နဂါးနီးမိုးရေစွန့်ထုတ်စက်ရုံ၊ ၂၆ သင်္ဂဇာမိုးရေစွန့်ထုတ်စက်ရုံ၊ Detention Pond မိုးရေစွန့်ထုတ်စက်ရုံတို့မှ ရေစုပ်ပန့်များဖြင့် မိုးရေများကိုစွန့်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
