မန္တလေးတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလက်စတစ်၊ ကျွတ်ကျွတ်အိတ် ကင်းစင်ရေးနေ့ ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်မည်ကို အများပြည်သူ မြို့ခံအများစု ကျယ်ကျယ်ပြန့်ပြန့် မသိရှိရသေးကြောင်းလည်း မြို့ခံများက ပြောသည်။
“မနေ့က စတယ်ပြောတယ်၊ ကျွတ်ကျွတ်အိတ်သုံးတာ ဝယ်တာဆို ဘယ်ဆိုင်ကပေးသလဲပေါ့နော်၊ ပေးတဲ့ ဆိုင်ကိုပါ ဒ-ဏ်ရိုက်မယ်လည်း ပြောတယ်” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးကိုပြောသည်။
လက်ရှိ၌ ထိုအကြောင်းအရာကို မန္တလေးစျေးချိုတော်ရှိ ဆိုင်အများစုက သိရှိထားကြောင်းလည်း သိရသည်။
“အပတ်စဉ် သေချာစနစ်တကျလုပ်နိုင်ရင်တော့ မဆိုးပါဘူး ၊ ဒါပေမယ့် အဲဒါကို အသုံးချပြီး အကြောက်တရားမဖြစ်စေဖို့တော့ လိုသေးတာပေါ့နော်” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပေးထားသေးသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြန်ကြားရေးဌာနကမူ မန္တလေးတိုင်းဒေသကြီးအတွင်းသန့်ရှင်းသာယာလှပသော တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ် ကြွပ်ကြွပ် အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာဌာနများ ၊ကျောင်းသားလူငယ်များ၊ လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်ပြည်သူလူထု အားလုံးပူးပေါင်း၍ ပလပ်စတစ်အစားထိုးအိတ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကာ ပြည်သူလူထုအားအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
