မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာတော်များကို ယနေ့ ဇွန်လ (၁၃)ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြောဂ်း သိရသည်။
လက်တလောတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသူများကို စစ်ဆေးတွေ့ရှိထားသဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ဇွန်လ (၉)ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သည့် လူနာသစ် (၃၁) ဦးတွေ့ထားသည်။
မေလကစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်မှု အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကုသပေးရသည့် လူနာမရှိသည့်အတွက် စိုးရိမ်ဖွယ်ရာ မရှိသေးသည့် အကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မေလ (၂၅) ရက်က ပြောကြားထားသည်။
ကိုဗစ် မျိုးဗီဇ ပြောင်းလဲမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး လက်ရှိတွေ့ရသည့် ဗီဇပြောင်းပိုးသည် လက်ရှိထိုးနေသည်ြ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထိထိရောက်ရောက် ကာကွယ်နိုင်သောကြောင့် ထပ်ဆောင်းကာကွယ် ဆေးထိုးခြင်းကို လုပ်သွားမည်ဟုလည်း ပြောကြားထားသည်။
လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါ ပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ချေမြင့်မားသည့် အသက် (၆၀)နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ သုံးလနှင့်အထက်ရှိသည့် မိခင်လောင်းများ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။