ထိုင်းအာဏာပိုင်များသည် တရုတ်မင်သား ဝမ်ရှင်းကို ပြန်ပေး-ဆွဲရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား ၁၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လွှဲပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ဝမ်ရှင်းသည် များပြာလှသည့် သရုပ်ဆောင်ကြေးကမ်းလှမ်းချက်ဖြင့် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံသို့ ဆွဲဆောင်ခံရပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို မြန်မာနိုင်ငံဘက်ခြမ်းမှ ပြန်လည်တွေ့ရှိကာကယ်တင်ခဲ့ပြီးနောက် သူ သည် တရုတ်သို့ ပြန်သွားခဲ့သည်။
သူ့အခြေအနေနှင့်ပတ်သက်၍ ချစ်သူကောင်မလေးက ဆိုရှယ်မီဒီယာတွင် လှုပ်ရှားမှု တစ်ခု ကို စတင်ခဲ့ရာမှ သူပျောက်ဆုံးမှုသတင်းကို တရုတ်နိုင်ငံတစ်ဝန်း က စိတ်ဝင်စားလာခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်များစွာကတည်းက တည်ရှိနေသော တရားမဝင် အလိ-မ်အညာလုပ်ငန်းများအပေါ် နိုင်ငံတကာ ပူးပေါင်းနှိမ်နင်းမှုအဖြစ် အရှိန်မြှင့်ဆောင်ရွက်နေခဲ့သည်။
ယခုပြန်ပို့မည့် သံသယရှိသူ ၁၀ ဦးသည် မြဝတီမြို့တွင် အခြေစိုက်လှုပ်ရှားကာ တရုတ်လူမျိုးများကို လိ-မ်လည်လှည့်ဖျားနေသည့် အဖွဲ့တစ်ခုမှ ဖြစ်သည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Thatchai Pitaneelaboot က ပြောဆိုသည်။
၎င်းတို့သည် ထိုင်းမှတဆင့် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ကာ သံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်သွားမှာဖြစ်သည်ဟု ထိုင်းရဲက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ငွေလိ-မ်ဂိုဏ်းများဖွင့်လှစ်လုပ်ကိုင်နေသည်ဟု ယုံကြည်ရသူ ၃၇၀၀ ၏ အမည်စာရင်းကို တရုတ်က ထိုင်းတာဝန်ရှိသူများထံ ပေးအပ်ထားသည်ဟု သိရသည်။
Ref: ဘန်ကောက်ပို့စ်
