၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကိုစီးတီးတွင် အရောင်အသွေး၊ ယဉ်ကျေးမှု စုံလင်စွာနှင့် ကမ္ဘာ့ဂီတကြယ်ပွင့် ရှာကီရာ၏ ဖျော်ဖြေမှုတို့ဖြင့် တခမ်းတနားစတင်ဖွင့်လှစ်လိုက်သည်။
ပရိသတ်ထောင်ပေါင်းများစွာသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၎င်းတို့အိမ်ကွင်းတွင် ကြည့်ရှုရန် စိတ်လှုပ်ရှားမှု မျှော်လင့်ချက်များဖြင့် မက္ကဆီကိုစီးတီးရှိ ဒဏ္ဍာရီလာ Azteca အားကစားကွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
လေဆိပ်နှင့် Azteca အားကစားကွင်း ပြန်လည်ပြုပြင်မှုများမှသည် ပွဲနှင့်ပတ်သက်သည့် ဆန္ဒပြမှုများနှင့် လွန်ခဲ့သော လအနည်းငယ်ကမှ မက္ကဆီကို မြင်တွေ့ခဲ့ရသော ဂိုဏ်းအကြမ်းဖက်မှုများအထိ ရှုပ်ထွေးသော အခင်းအကျင်းတစ်ခုဖြစ်သည်။
မက္ကဆီကိုနိုင်ငံသည် အမေရိက၊ ကနေဒါနိုင်ငံတို့နှင့်အတူ ၂၀၂၆ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါ မြောက်အမေရိကနိုင်ငံများသည်လည်း သောကြောနေ့တွင် ဖွင့်ပွဲအခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။
ယနေ့တွင်မူ မက္ကဆီကို၏ ပွဲအခမ်းအနားများကို အဓိကအာရုံစိုက်သည်။ ပူးတွဲအိမ်ရှင်အဖြစ် တောင်အာဖရိကအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်မတိုင်မီတွင် ရှာကီရာ၊ ဂျေဘယ်လ်ဗင်၊ Afrobeats ကြယ်ပွင့် ဘာနာဘွိုင်း၊ လက်တင်ဂီတကြယ်ပွင့် ဒန်နီ အိုရှန်းနှင့် ဖားအိုလီဗီရာတို့၏ တေးဂီတဖျော်ဖြေမှုများဖြင့် ကွင်းထဲရှိ ပရိသတ်များကို ဧည့်ခံခဲ့သည်။
ဖျော်ဖြေသူများသည် ဌာနေတိုင်းရင်းဝတ်စုံများကို ဝတ်ဆင်ထားပြီး တခြားသူများက ရွှေရောင်ဝတ်စုံများနှင့် ၎င်းတို့၏ ဦးခေါင်းများပေါ်တွင် ရွှေရောင်ဘောလုံးကြီးများ တပ်ဆင်ထားကြသည်။
ပရိသတ်များသည် ၎င်းတို့အသင်းများ၏ ရောင်စုံဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အများစုက မက္ကဆီကိုအသင်း၏ အရောင်များကို ဝတ်ဆင်ထားသည်။
Ref: ဘီဘီစီ
