ရန်ကုန်-မော်လမြိုင် သွားလမ်းမကြီးပေါ်ရှိ ဘီလင်းမြို့တွင် ယနေ့ မေ(၂၅)ရက် နံနက်ပိုင်းမှစတင်ကာ ယာယီရှောင်ကွင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားသဖြင့် ကားရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ကုန်တင်ယာဉ်အပါအဝင် ခရီးသည်တင်ယာဉ်ကြီးများနှင့် အိမ်စီးကား ရာနှင့်ချီ၍ စောင့်ဆိုင်းနေရသည့် အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။
” အတွင်းလမ်းထဲမှာ (၁၂)ဘီးယာဉ်တစ်စီးလမ်းချော်ပြီးနစ်နေတယ်။ ကားတွေကဟိုဘက်ရော ဒီဘက်ရော နှစ်ရာနီးပါးလောက်ရှိနေတယ်။ နစ်နေတဲ့ကားကိုတော့ဒီနေ့ ပြန်ဆွဲတင်လို့ ရအောင်လုပ်နေတယ်။”ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညနေပိုင်း အချိန်၌ ရန်ကုန်ဘက်မှ လာသည့် ကားများအား ဘီးလင်း မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်မှဖြတ်သန်းခွင့်ပိတ်ထားပြီး၊ ယာဉ်တန်းများနှစ်တန်းအထိ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
“တချို့ကားကြီးတွေက သကြားစက်လမ်းဆုံကနေစပြီး ကျိုက်ထီးဆောင်းလမ်းခွဲအကျော်ထိ တန်းစီထားကြပါတယ်။ သကြားစက်လမ်းဆုံကနေ ဘီးလင်းမြို့ထဲဝင်တဲ့လမ်းမှာတော့ ခရီးသည်တင်ကားကြီး၊ ကားလတ်တွေနဲ့ အိမ်စီးကားငယ်တွေကို တန်းစီထားတာ ပန်းခြံထိပ်အထိရောက်နေပါပြီ။ သကြားစက်လမ်းဆုံကနေ နှင်းပုလဲဘူတာဖက်သွားတဲ့လမ်းပေါ်မှာ အိမ်စီးကားငယ်တွေ တန်းစီထားကြပါတယ်။”ဟု နောက်ထပ်ဒေသခံတစ်ဦးက လမ်းပိုင်းအခြေအနေကို ပြောပြသည်။
လက်ရှိတွင် ရန်ကုန်-မော်လမြိုင်သွားမည့် ခရီးသွားများ ဒေါင်းရပ်နှင့် မိုးကောင်းလမ်းခွဲကို အသုံးပြုသွားလာနေကြခြင်းဖြစ်သည်။
ယခုလ မေ(၂၃) နံနက်ပိုင်းအချိန်၌ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဒေသတွင်းခရီးသွားများ အဆိုပါ ဒေါင်းရပ်နှင့် မိုးကောင်းလမ်းခွဲကို အသုံးပြုသွားလာနေကြခြင်းလည်းဖြစ်သည်။
အလားတူ မေ(၁၁)ရက် နံနက်အစောပိုင်းကလည်း ဘီလင်းမြို့အထွက် ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
အဆိုပါ ဒေသတွင်း ချိတ်ဆက်ထားသော တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရသဖြင့်ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ကာ စက်သုံးဆီဈေးနှုန်းအပါအဝင် အခြားလူသုံးကုန်နှင့် စားသောက်ကုန်အချို့ ဈေးကွက်တွင်းပြတ်တောက်ခဲ့ရပြီးဈေးမြင့်တက်ခဲ့ရသည်ဟု ဒေသခံသတင်းအရင်းများထံက သိရသည်။