ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း ပုစွန်ပိဿာ (၇၀၀၀၀) ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့ နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၏ပြောပြချက်အရ သိရသည်။
ဘိုကလေးမြို့နယ်၌ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲ ရုံလုပ်ငန်းလုပ်ကိုင်သူများသည် ဒေသမှထွက်ရှိသည့် ပုစွန်များကိုဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ တစ်လတာကာလအတွင်း ပုစွန်ပိဿာ (၄၅၀၀၀) ခန့် အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀) ရက်အထိ ပိဿာ (၇၀၀၀၀) ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဈေးကွက်တွင် ပုစွန်ဝယ်လိုအား ကောင်းနေသည့်အတွက် တင်ပို့ရောင်းချအားလည်း ကောင်းလာပြီး ပုစွန်အပါအဝင် ရေထွက်ကုန်များကို ကုန်ချိန်များများ တင်ပို့ရောင်းချနေရသည့်အတွက် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူများလည်း အလုပ်အကိုင်အခွင့် အလမ်းကောင်းလာကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်များ၏ ဈေးနှုန်းသည် လတ်ဆတ်မှုနှင့် အရွယ်အစားအပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။