ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်တွင် လက်ရှိလည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၆ ရုံ ရှိလာပြီး ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၃၀ ကို ဖန်တီးပေးထားနိုင်ပြီ ဖြစ်ကြောင်း ဘားအံစက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ထို့အပြင် တည်ဆောက်ဆဲနှင့် အသစ်တည်ဆောက်မှုများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံတိုးမြှင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)တွင် လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်း အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံတစ်ရုံ၏ အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၉ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်ရုံများပြီးစီးပါက ဒေသခံတောင်သူများအနေဖြင့် အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကြောင်းနှင့် လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ တန် ၁၀၀ ထုတ်လုပ်နိုင်သည့် ဆန်စက်လုပ်ငန်းများ၊ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ဆဲလုပ်ငန်းများလည်းပါဝင်သလို အဆိုပါဆန်စက်လုပ်ငန်းများအနေဖြင့်လည်း ဒေသတွင်းစပါးများကို ဝယ်ယူကြိတ်ခွဲ၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ဆန်စက်ထွက်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးစွန့်ပစ်ပစ္စည်းများအစရှိသည်တို့ကိုအသုံးပြု၍ သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
