ဘရစ်အဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်များကို အခွန် ၁၀ ရာခိုင်နှုန်းကောက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ထပ်မံပြောဆိုခဲ့ပြီး ထွန်းသစ်စ စီးပွားရေးနိုင်ငံများအဖွဲ့ကို မြန်မြန်ပျေ-ာက်ကွယ်သွားမည့်အဖွဲ့အဖြစ် လှောင်ပြောင်ခဲ့သည်။
အိမ်ဖြူတော်တွင် cryptocurrency ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ လက်မှတ်ရေးထိုးပြဌာန်းသည့် အခမ်းအနားတွင် အမှာစကားပြောရာ၌ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနှင့် ပူပူနွေးနွေးအဖွဲ့ဝင်သစ်များပါဝင်လာသော အုပ်စုသည် အမေရိကန်ဒေါ်လာ၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေရန် ကြိုးပမ်းနေသည်ဟု ထရမ့်ပ်က စွပ်စွဲခဲ့သည်။
“နိုင်ငံခြောက်နိုင်ငံပါဝင်တဲ့ ဒီအဖွဲ့အကြောင်း ကြားသိရတဲ့အချိန်မှာ အတော်ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “နောက်ပြီး သူတို့အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းနဲ့ အမှန်တကယ်ပုံဖော်လာခဲ့ရင် အရမ်းမြန်မြန်ဆန်ဆန် အဆုံးသတ်သွားပါလိမ့်မယ်။ ဘယ်သူ့ကိုမှ ငါတို့နဲ့ ဂိမ်းကစားခွင့် မပြုနိုင်ပါဘူး” ဟု သူက ပြောဆိုခဲ့သည်။
သမ္မတက နိုင်ငံတစ်နိုင်ငံခြင်းကို အမည်တပ် မပြောခဲ့သော်လည်း ဘရစ်၏ အစီအစဉ်သည် အမေရိကန်စီးပွားရေးအတွက် တို-က်ရို-က်စိန်ခေါ်မှုဖြစ်နေသည်ဟု အခိုင်အမာ ပြောခဲ့သည်။ “ဘရစ်၊ သူတို့က ဒေါ်လာရဲ့ လွှမ်းမိုးမှု၊ ဒေါ်လာရဲ့ စံနှုန်းနဲ့ ဒေါ်လာကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားချင်နေကြတယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်ပ်အစိုးရအဖွဲ့သည် ကုန်သွယ်ရေးသဘောတူညီချက်များ ရယူရန်အတွက် အစောပိုင်းက သတ်မှတ်ထားသော ဇူလိုင် ၉ ရက်အစား သြဂုတ် ၁ ရက်သို့ ထပ်တိုးကာ အဆိုပြုအခွန်နှုန်းများ သက်ရောက်မည့်နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။ ယင်းအချိန်မတိုင်မီ ကုန်သွယ်ရေးသဘောတူညီချက်များ မရပါက အဆိုပြုထားသော အခွန်နှုန်းထားများအတိုင်း အခွန်စည်းကြပ်စာများကို နိုင်ငံများသို့ မကြာခင်ပေးပို့သွားမည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
Ref: အိန္ဒိယတူဒေး
