ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးကြီးရေလျှံခြင်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေခြင်း စသည့်ဖြစ်စဥ်များ ဖြစ်ပေါ်ဦးမည်ဟုလည်း မိုး/ဇလက အသိပေးထားသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အလားတူ လာမည့် ဇွန်လအတွင်း၌လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။