ဘင်္ဂလားဒေ့ရှ်လုပ်သားများအတွက် အလုပ်သမားဈေးကွက်ပြန်ဖွင့်ပေးရေး ကို စဉ်းစားပေးရန် မလေးရှားဝန်ကြီးချုပ်ကို သူ တောင်းဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ခေါင်းဆောင်များသည် ကာလကြာရှည်ဖြစ်ပေါ်နေသော ပြည်ပအလုပ်သမားများအပေါ် အမြတ်ထုတ်ခြင်း ပြဿနာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားများ အဓိကသွားရောက်ရာနေရာတစ်ခုဖြစ်ပြီး ၎င်းတို့၏ လွှဲပို့ငွေများသည် တောင်အာရှနိုင်ငံအတွက် နိုင်ငံခြားငွေရရှိရာ အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်။
သို့ရာတွင် အကြွေးနှောင်ကြိုးနှင့် အဓမ္မလုပ်အားခိုင်းစေခြင်း သတင်းများထွက်ပေါ်လာသောကြောင့် ကွာလာလမ်ပူရ်သည် ၂၀၂၄ ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမားများကို ငှားရမ်းခြင်းကို ကန့်သတ်ခဲ့ပြီး အလုပ်သမားများအနေဖြင့် မလေးရှားတွင် အလုပ်ရရန်အတွက် များပြားလှသောအကြွေးများတင်ရစ်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အလုပ်သမားရာပေါင်းများစွာသည် မလေးရှားကို ရောက်ရှိပြီးနောက် အေးဂျင့်များက ကတိပြုထားသော အလုပ်အကိုင်များ မရရှိခဲ့ကြဘဲ သောင်တင်ခဲ့ကြပြီးနောက် တရားမဝင်အလုပ်အကိုင်ရှာရခြင်းများဖြစ်ခဲ့ကာ ဖမ်းဆီးခံရခြင်းနှင့် နှင်ထုတ်ခံရခြင်း အန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။
“တရားမဝင်အလုပ်သမားတွေကို တရားဝင်ဖြစ်စေခြင်းနဲ့ ဖြစ်နိုင်ရင် ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ပေးရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော် တင်ပြခဲ့ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အတွင်း ရာမန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အလုပ်သမားများ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ၎င်းတို့၏ ကောင်းကျိုးချမ်းသာကို ကာကွယ်ရန် အစီအမံများချမှတ်ရေးကို နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ အကျိုးအမြတ်တစ်ခုတည်းသာကြည့်၍ အလုပ်သမားများအပေါ် အမြတ်ထုတ်ခြင်း၊ နှိပ်စက်ခြင်းများ ဆက်လက်လုပ်ဆောင်နေခြင်းကို သည်းခံ၍မရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုတိုက်ချက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် သဘောတူညီချက်များစွာကို အန်ဝါနှင့် ရာမန်တို့ရှေ့မှောက်တွင် အပြန်အလှန်ဖလှယ်ခဲ့ကြပြီး လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများကို ရှေ့ဆက်လုပ်ဆောင်ရန်လည်း နှစ်နိုင်ငံစလုံးက ကတိပြုခဲ့ကြသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
