မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဘင်ကလန်ရေတံခွန်အပေါ်ဘက်တွင် ဓါတ်ပုံရိုက်ရာမှ ခြေချော်ပြုတ်ကျပြီး လူငယ်တစ်ဦး သေဆုံးမှု ယမန်နေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ကျိုက်မရောမြို့၊ ပိန္နဲကုန်းကျေးရွာနေ မောင်မျိုးသန့်ဇင် အသက် (၂၁) နှစ်ဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က သူငယ်ချင်းများနှင့်အတူ ဘင်ကလန်ရေတံခွန်သို့ လာရောက်ကစားခဲ့ကာ ရေတံခွန်၏ အပေါ်ဘက်တစ်နေရာတွင် ဓာတ်ပုံသွားရိုက်ရာမှ အခန့်မသင့် ခြေချော်ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ရေတံခွန်၏ အပေါ်အမြင့်မှ ပြုတ်ကျမှုကြောင့် ဦးခေါင်းကွဲ၊ ပေါင်ကြိုး ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဘင်ကလန်ရေတံခွန်၌ ယခင်နှစ်များကလည်း ရေတံခွန်အပေါ်မှ ပြုတ်ကျမှုကြောင့် လူသေဆုံးမှုများ ရှိခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။