ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ စတာမာက Sky News သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ဒါကို ကျွန်တော် ပေါ့ပေါ့ဆဆ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရတစ်ရပ်အနေနဲ့ ရွေးချယ်မှုတွေ လုပ်ရတဲ့အခါ ဒီလို လုံးဝ ပိတ်ပင်တားမြစ်လိုက်တာကပဲ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ရှင်းလင်းနေပါတယ်” လို့ စတာမာ က ပြောပါတယ်။
သူ့အဆိုအရ ဆိုရှယ်မီဒီယာတွေဟာ လူတွေကို “စွဲလမ်းသွားအောင် ပြုလုပ်ထားတာ” ဖြစ်ပြီး “ကလေးတွေကို စိတ်မချမ်းသာအောင် လုပ်နေတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် အနိုင်ကျင့်တာတွေ၊ နှောင့်ယှက်တာတွေကို ဖြစ်စေပြီး ကလေးတွေရဲ့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့လဲ သူက ရှင်းပြပါတယ်။
ဗြိတိန်အစိုးရဟာ သြစတြေးလျနိုင်ငံက ကျင့်သုံးနေတဲ့ ပုံစံကို အခြေခံပြီး လုပ်ဆောင်သွားမှာပါ။ သြစတြေးလျမှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက အလားတူ ပိတ်ပင်တားမြစ်မှုကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပြီး Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, Twitch, X နဲ့ YouTube တို့ ပါဝင်ပါတယ်။ သြစတြေးလျ ဥပဒေအရ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဘက်က ကလေးအကောင့်တွေကို ပိတ်ပစ်ဖို့ အစွမ်းကုန် မကြိုးစားရင် သြစတြေးလျဒေါ်လာ ၄၉.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂.၉ သန်းခန့်) အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်လို့ တာဝန်အားလုံးဟာ နည်းပညာပလက်ဖောင်းတွေပေါ်မှာ ရှိနေပါတယ်။ ဒီဥပဒေကြောင့် သြစတြေးလျမှာ ကလေးနဲ့ လူငယ်အကောင့်ပေါင်း အနည်းဆုံး ၄.၇ သန်းကို ပိတ်ပစ်ခဲ့ပြီးပြီလို့ သိရပါတယ်။
ဗြိတိန်မှာတော့ ဒဏ်ငွေ ဘယ်လောက်အထိ ချမှတ်မလဲဆိုတာကို အသေးစိတ် မပြောရသေးပါဘူး။ ဒါပေမဲ့ ဒီပိတ်ပင်တားမြစ်မှုဟာ WhatsApp လိုမျိုး မက်ဆင်ဂျာလိုမျိုးတွေနဲ့တော့ မသက်ဆိုင်ဘူးလို့ လောလောဆယ်သိရပါတယ်။ ပြီးတော့ကာ ချစ်ရေးဆိုဖို့ သုံးတဲ့ AI Chatbots တွေကိုတော့ အသက် ၁၈ နှစ်ပြည့်မှပဲ သုံးခွင့်ပြုမှာ ဖြစ်ပါတယ်။
