ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ ဆေးရုံတော်တည်ဆောက်စဉ်အတွင်း သီလဓမ္မဆေးခန်းဖွင့်လှစ်ကုသပေးခဲ့မှု၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်လက်ရှိကာလအထိ ပြင်ပလူနာအဖြစ်ကုသပေးခဲ့မှုနှင့် သီလဓမ္မဆေးရုံတော်တည်ဆောက်ခဲ့မှုတို့ကို ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် အထူးကြပ်မတ်ကုသဆောင်၌ လူနာများကုသရာတွင် ပြည်တွင်း၊ပြည်ပမှအထူးကျွမ်းကျင်ဆေးပညာရှင်များနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်ကုသခြင်းစနစ်ဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးထားမှု၊ လူနာခန်းများ၊ ခွဲစိတ်ကုသခန်းများကိုလည်းကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကိုလမ်းညွှန်မှာကြားခဲ့သည်။