လာအိုနိုင်ငံ၊ ဗီယန်ကျန်း မြို့ရှိ ထပ်လွမ်စေတီအား သာသနာသက္ကရာဇ်(၂၃၆)တွင် ဗီယင်ကျန်းမြို့စား ကျန်ထဘူလီ ပစိထိဆပ်(Chanthabury Pasithisak) နှင့် သံဃာတော် ၅ ပါး ဦးဆောင်၍ စေတီတော် တည်ခဲ့ခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၊ ရာဇဂြိုလ်ပြည်တွင် ပညာသင်ယူ၍ ပြန်လာသော သံဃာတော် ၅ ပါးမှ ဗုဒ္ဓ၏ညှပ်ရိုးတော် အောက်ပိုင်းအား ကိုးကွယ်ပူဇော်ရန် ပင့်ဆောင်လာခဲ့ပြီး ယခုကဲ့သို့ ဌာပနာထားကာ စေတီတည်ခဲ့ခြင်းဖြစ်သည်။
မူလစေတီမှာ လိုဏ်ဂူပုံစံဖြစ်သော်လည်း သာသနာ သက္ကရာဇ် ၂၁၀၃၊ မြန်မာ သက္ကရာဇ် ၉၂၂ တွင် စိုင်ဆက်ထာထီလတ် (Setthathirat)ဘုရင်သည် လွန်ပရာဘန်မြို့မှ ဗီယင်ကျန်းမြို့သို့ ပြောင်းရွှေ့လာခဲ့ ပြီးနောက် ပထမစေတီတော်အား ငုံ၍ စေတီထပ်မံတည်ခဲ့သည်။
ယင်းစေတီအား သာသနာသက္ကရာဇ် ၂၁ဝ၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၉၂၈ ခုနှစ်၊ နတ်တော်လပြည့်နေ့တွင် ဆက်လက်မွမ်းမံကာ လာအိုဘာသာဖြင့် ထပ်လွမ်စေတီ (That Luang Stupa)ခေါ်တွင်ခဲ့ပါသည်။ အဓိပ္ပါယ်မှာ “ကြီးမားသောစေတီတော်” ဟူ၍ ဖြစ်ပါသည်။
