ဟိုချီမင်းစီးတီး၊ မေ ၁၆ ရက်
နိုင်ငံတကာကောလိပ်ကျောင်းသားများအတွက် ၂၅ ကြိမ်မြောက် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ၏ ဗီယက်နမ်တောင်ပိုင်းဒေသတွင်း ဗိုလ်လုပွဲကို သောကြာနေ့တွင်ကျင်းပပြီးစီးခဲ့သည်။
အဆိုပါပွဲကို တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဘာသာစကားပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာနှင့် ဟိုချီမင်းစီးတီးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့က ပူးပေါင်းစီစဉ်ကာ ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအတွင်း ဒေသတစ်ဝန်းရှိ တက္ကသိုလ်နှင့် ကောလိပ် ၁၉ ခုမှ ကျောင်းသား ၃၇ ဦးသည် တရုတ်ဘာသာဗဟုသုတစစ်ဆေးခြင်း၊ ခေါင်းစဉ်အလိုက် ဟောပြောခြင်းနှင့် စွမ်းရည်ပြသခြင်းဟူသော ကဏ္ဍသုံးရပ်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။
ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်မှ သမ်မိုင်ဖွန်း က ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဗီယက်နမ်တောင်ပိုင်းကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဘူယ်ထရန်ကွင်းငေါက် က “Chinese Bridge” ပြိုင်ပွဲသည် ကျွမ်းကျင်မှုပိုင်းတွင် ထူးချွန်ပြီး ဘာသာစကားစွမ်းရည် ကောင်းမွန်ရုံသာမက အခြားသူများနှင့် ချိတ်ဆက်နိုင်စွမ်းရှိကာ နိုင်ငံတကာမိသားစုအတွက် တက်ကြွစွာ အကျိုးပြုနိုင်မည့် တက္ကသိုလ်ကျောင်းသား မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးကြောင်း ပြောကြားခဲ့သည်။
ဟိုချီမင်းစီးတီးရှိ တရုတ်ဒုတိယကောင်စစ်ဝန်ချူပ် ရှုကျိုး က “Chinese Bridge” သည် ဘာသာစကားနှင့် ဆက်သွယ်ရေးတံတားတစ်ခုသာမက အနာဂတ်ဆီသို့ ဦးတည်မည့် အခွင့်အလမ်းများ၏ တံတားတစ်ခုလည်းဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် လူငယ်ကျောင်းသားများသည် ခေတ်သစ်တရုတ်-ဗီယက်နမ် ဆက်ဆံရေးတိုးတက်မှု၏ သက်သေများဖြစ်သကဲ့သို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူများလည်းဖြစ်ကြောင်း၊ နောင်အနာဂတ် လုပ်ငန်းခွင်များတွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
