ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များက ရေရှည်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားလိုသည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nguyen Van Thang က စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံလုံးအနေဖြင့် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် အရင်းအမြစ်များကိုပေါင်းစပ်အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကိုအတူတကွချဲ့ ထွင်ရန်လိုကာ နှစ်နိုင်ငံသည် စီးပွားရေးအသိုက်အဝန်းကို ယခင်ကတည်းကပင်ထူထောင်ထားရှိပြီးဖြစ်သည်ဟု ပြောသည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုရလဒ်များအရ ဗီယက်နမ်နိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများချိတ်ဆက်မှုနှင့် အပြန်အလှန်ပံ့ ပိုးမှုများကိုပိုမိုမြှင့်တင်သွားရန်၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေ၍ လုံခြုံစိတ်ချပြီးရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှုကိုဖော်ဆောင်သွားရန်၊ လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် အခန်းကဏ္ဍများကိုထိရောက်စွာအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသည့် အခက်အခဲများကိုအတူတကွပူး ပေါင်းဖြေရှင်းရန်တို့ကို အကြံပြုလိုသည်ဟု ပြော သည်။
ထို့အတူ ဗီယက်နမ်နှင့် မြန်မာစီးပွားရေးလုပ်ငန်းများအနေဖြင့် စီးပွားရေးအခွင့်အလမ်းရှာဖွေရုံသာမက ယုံကြည်စိတ်ချရသော ရေရှည်မိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးအရ လိုအပ်ချက်ရှိသည့်ကဏ္ဍများတွင် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများပိုမိုဆောင်ရွက်ရန် အကြံပြုလိုသည်ဟုလည်း ပြောသည်။
ထို့ကြောင့် မြန်မာ-ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လိုပြီး စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမှု၏ အကျိုးရလဒ်များကို နှစ်နိုင်ငံပြည်သူများခံစားရရှိရန်လိုသည်ဟု ပြောကြားခဲ့သည်။
