ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၃၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံမှု တန်ဖိုးနှင့် မီးလောင်ရသည့် အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည (၈)နာရီ (၅၅)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။
ထို့အတူ ဇန်နဝါရီ (၁၄) ရက်၊ ည (၇)နာရီအချိန်ခန့်ကလည်း သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြိုင်ဟေဝန်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ကြပြီး ည (၇)နာရီ (၁၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်အပါအဝင် မြို့နယ်ဒေသအချို့တို့တွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှလည်း နှိုးဆော်ထားသည်။