တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။



၎င်းမှ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပခဲ့သည့် (၇၈)ကြိမ်မြောက် အာဇာ နည်နေ့အခမ်းအနားသို့တက်ရောက်၍ နိုင်ငံပိုင်မီဒီယာများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ပြောကြားချက်တွေမှာ အများကြီးပါပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထိုသို့ ဗိုလ်ချုပ်၏ပြောကြားချက်များအား မိမိတို့ လက်ရှိရှိနေသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ပါကာ ဝိုင်းဝန်းကြိုးစားရာတွင်လည်း အားလုံးညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကိုအမှန်တကယ်ကောင်းအောင် လုပ်မည်ဆိုသော စိတ်ဖြင့်လုပ်ကြခြင်းမှာကောင်းမွန်သည်ဟု ပြောသည်။
” ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့၊ အသက်ပေးပြီးတော့လုပ်သွားကြတာပါ။ ဒါ့ပြင် တိုင်းပြည်ရဲ့တန်ဖိုးကလွတ်လပ်ရေးပါ။ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ဖြစ်တဲ့စနစ်မျိုးတော့ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်လည်းရှိပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ကြရန်လိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
