နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ရုရှားနိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin တို့ ယနေ့ မေ ၈ ရက်မွန်းလွဲပိုင်းက မော်စကိုမြို့၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ရုရှားနိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးခဲ့မှုများအတွက် အထောက်အကူများစွာရရှိခဲ့၍ ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနများကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား၊ ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံစစ်ဘက်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ စစ်ဘက်ပညာတော်သင်များဆိုင်ရာ၊ နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးတို့အားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ယနေ့ မေ ၈ ရက်နံနက်ပိုင်းကလည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin နှင့်အတူသွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်ပြီးနောက် ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. Andrey Belousov ၊ အခြားပြည်ပနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့်အတူ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုခဲ့သည်။