မနီလာ၊ဖေဖော်ဝါရီ ၃
ဖိလစ်ပိုင် နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက နိုင်ငံတွင်း၌ ထူးကဲစွာမြင့်တက်လာသည့် ဆန်ဈေးနှုန်းများတည်ငြိမ်စေရန် တနင်္လာနေ့က ဆန် နှင့်ပတ်သက်၍ စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အခြေအနေ ကို ကြေငြာခဲ့သည်။
“ဒီအရေးပေါ်ကြေငြာချက်က ဆန်ဈေးတည်ငြိမ်ဖို့နဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ အဓိကအစားအစာဖြစ်တဲ့ဆန်ကို စားသုံးသူတွေ ဆက်လက်ပြီး လက်လှမ်းမီနိုင် ရရှိနိုင်ဖို့ နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) ကထိန်းသိမ်းထားတဲ့ အရန်ဆန်တွေကို ထုတ်ခွင့်ပြုတဲ့သဘောပါ” ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုအရေးပေါ်ကြေငြာချက်ကို နိုင်ငံတော်စျေးနှုန်းညှိနှိုင်းရေးကောင်စီ၏ ထောက်ခံချက်များအပေါ်အခြေခံပြီးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်းေလာ်ရယ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေအရ နိုင်ငံတွင်း ဆန်ဈေးနှုန်းထူးကဲစွာ တက်လာသည်ရှိသော် စိုက်ပျိုးရေးဝန်ကြီးက အရေးပေါ်အခြေအနေကြေငြာပိုင်ခွင့်ရှိသည်ဟုလည်းသိရသည်။
ယင်းကြေငြာချက်ထွက်လာပါက စိုက်ပျိုးရေးဝန်ကြီးဌာနက နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ကထိန်းသိမ်းထားသည့် အရန်ဆန်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအာဏာပိုင်များထံထုတ်ပေးပြီး ဆန်ဈေးကျဆင်းစေရန်နှင့် ထပ်ဆင့်ဈေးတက်မှုမဖြစ်ရန်ဖြေရှင်းခြင်းလည်းဖြစ်သည်။
ယခုကြေငြာချက်သည် ဆန်ဈေးနှုန်းကျဆင်းရေးအတွက် အစိုးရ၏နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး ဆန်ဈေးကို ထိန်းမနိုင်မချင်း စားနပ်ရိက္ခာဖူလုံရေးအရေးပေါ်အခြေအနေက ဆက်ရှိနေမည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ