ဖလမ်း၊ ဇူလိုင် ၂၄
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်အဖွဲ့သည် ဖလမ်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုကြရာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ထားရှိမှု၊ သင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံထားရှိမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန်၊ ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးပါက မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်စေရန်နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးလိုသည့် စိတ်ဓာတ်များ ထက်သန်လာစေရေး လေ့ကျင့်ပေးရန်တို့ကို ဒုတိယဝန်ကြီးဦးမျိုးမြင့်က မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အဆောက်အဦများ ပြန်လည်ပြုပြင်/တည်ဆောက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
