ပြည်သူ့အငှား အိမ်ရာစီမံကိန်း ပထမအဆင့် ပြီးစီးတော့မည်၊ (၁၀၅) ဘီလီယံကျော် သုံးစွဲထားဟုဆို

ဝင်ငွေနည်း ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း ဖော်ဆောင်နေရာ ပထမအဆင့် ပြီးစီးတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ကိုဗစ် – ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ ပါရှိမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီမံကိန်း၏ ပထမအဆင့် အခန်းပေါင်း (၅၀ ၀၈) ခန်းတည်ေဆာက်လျက်ရှိရာ နေပြည်တော်တွင် ၉၈ ရာခိုင်နှုန်း၊ မန္တလေးတွင် ၉၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၆ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအတွက် ရန်ပုံငွေအားဖြင့် ပြည်ထောင်စုမှ ၉၃ ဘီလီယံခန့်နှင့် တိုင်းဒေသကြီးမှ ၁၂ ဒသမ ၅ ဘီလီယံ၊ စုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးရွှေလေး၏ ပြောကြားချက်အရ သိရသည်။
ယနေ့ ဇွန်လ (၂၄) ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ပြု လုပ်သည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံ ကိန်း ဦးစီးကော်မတီ၏ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ (၂၈) လုံး၊ ရန်ကုန်တွင် အဆောက်အဦ (၁၉၄) လုံး၊ မန္တလေးတွင် အဆောက်အဦ (၉၁) လုံး တည် ဆောက် နေခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကို ပြီးခဲ့သည့် အစိုးရ လက်ထက်က စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်ရန် လျာထားခဲ့ခြင်းလည်း ဖြစ်သည်။