နေပြည်တော်၊ စက်တင်ဘာ ၆
ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂/၂၀၂၆) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာဝန်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ဆေးပညာသင်ကြားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီသင်ထောက်ကူပစ္စည်းများကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးခင်က မြန်မာနိုင်ငံဆေးကောင်စီ၏ တတိယလေးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဆေးကုသခွင့်လိုင်စင်အသစ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများ၊ လိုင်စင်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၆) ၏ ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းနှင့် လေးလတာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
