ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်စေရေးနှင့် ပြည်သူများ၏ လိုလားချက်များကို မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ပြည်သူ့အသံကို အစဉ်နားထောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။
ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက် နေထိုင်နိုင်ရေးအတွက် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“အစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ရပေမယ့် ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုလို့ မဖြစ်ပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်တွေ၊ သဘောသဘာဝတွေ မတူညီနိုင်တဲ့အတွက် ပြည်သူတွေရဲ့ လိုလားချက်တွေနဲ့ မိမိတို့ရဲ့ မူဝါဒသဘောထားတွေ ကိုက်ညီမှုရှိစေဖို့ ပြည်သူတွေရဲ့ အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ရပါမယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းမွန်စေရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ ကြုံတွေ့နေရသည့် လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းကူညီပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
