လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပ၍ ပြည်သူများလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကိုအရောက်အပ်နှင်းတော့မည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
” ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲဟာ အဓိကအကျဆုံး ဒီမိုကရေစီကျင့်စဉ်တစ်ရပ်ဖြစ်ပါတယ်။ ဒီနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုစတင်ကျင်းပပြီး ပြည်သူတွေလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကိုအရောက်အပ်နှင်းတော့မှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကာ ပြည်သူအားလုံးမှဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဟု မှာကြားသည်။
ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄) ရပ်အောင်မြင်စေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲပူးပေါင်းဆောင်ရွက်ရန်အလေးထားကြရမည်ဟု မှာကြားသည်။
ထို့အတူ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများစုံ စမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကိုတားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဆို သည့် လုပ်ငန်းတာဝန်(၆)ရပ်ကိုလည်း အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက မှာကြားခဲ့သည်။
