၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် အလုပ်သမားစေလွှတ် လချုပ်စာရင်းများ အချိန်မီတင်ပြရန် လိုအပ်သော အေဂျင်စီ (၁၀၀)ကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe Migration ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမားစေလွှတ်ခြင်းအတွက် အေဂျင်စီများသည် လစဥ်စေလွှတ်လုပ်သားစာရင်းများ တင်ပြရခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် စေလွှတ်လချုပ်ပေးပို့ခြင်းမရှိသည့် အေဂျင်စီ စုစုပေါင်း (၁၁၈) ခုရှိပြီး ယင်းအေဂျင်စီများအနေဖြင့် အချိန်မီစာရင်းမပေးပို့နိုင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လိုင်စင်ရ အေဂျင်စီများသည် နိုင်ငံအလိုက် မိမိတို့စေလွှတ်ခဲ့သော အလုပ်သမားတစ်ဦးချင်းစီ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပသို့သွားရောက်သောနေ့စွဲ၊ ပြည်ပမှာ အလုပ်လုပ်နေသည့် အလုပ်အကိုင်နှင့် နေရပ်လိပ်စာ စသည်များကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနသို့ပေးပို့ရခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရန် လျှောက်ထားလာသူများ၏ ကိုယ်ရေးအချက်အလက် (Profile) ပေါ်မူတည်ကာ စေလွှတ်သင့်/မသင့် ဆုံးဖြတ်ပေးနေခြင်းဖြစ်သည်။
