အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအား ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချမှုသာမက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့် အိန္ဒိယ – မြန်မာကုန်သည်ကြီးများအသင်းတို့ ကြီးမှူးကျင်းပသည့် Pharma Connect 2025 သို့ တက်ရောက်အဖွင့် အမှာစကား ပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်ဖက်အများဆုံး နိုင်ငံဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကျ န်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုကဏ္ဍသည် အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ပြီး မိမိတို့အနေဖြင့် နှစ်စဉ်နိုင်ငံခြားငွေအမြောက်အမြား အသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါက အထူးကင်း လွတ်ခွင့်များအပြင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၏ ဈေးကွက်များသို့လည်း ပြန်လည်တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဆေးဝါးမှတ်ပုံတင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချရသည့် ဆေးနှင့်ဆေးပစ္စည်း များသုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၂ ဒသမ ၁) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆေးဝါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်း၌ လိုအပ်သော ဆေးဝါးများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး အတွေ့အကြုံ အပြန်အလှန်ဖလှယ်ခြင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပွဲသို့ တတ်ရောက်လာသူများက ပြောကြားခဲ့သည်။
