ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ရေးကို အားပေးဆောင်ရွက်နေသလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍများကို မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂ ၅) အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်ငန်းများနှင့် ဆက်စပ်ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး တိုးချဲ့ဆောင်ရွက်သွားရေးတို့ကို ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်တပေါင်းကွင်း၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု MSME ထုတ်ကုန်များအပြင် ဒေသတစ်ခုထွက်ကုန်တစ်ခုအနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။