စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။
သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့် ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၃၅,၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းများအရ ပြီးခဲ့သည့် မေလ ရည်ညွှန်းဆန်ဈေးနှုန်းများထက် ဆန်အမျိုးအစား တစ်ခုစီတွင် ကျပ် (၅,၀၀၀) နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
သို့သော် အခြားဆန်အုပ်စုများဖြစ်သည့် ဧည့်မထ၊ ငစိန် ၂၅ မှတ်၊ ၁၅ မှတ် ၁၀- ၅ မှတ် စသည့် ဆန်ကြမ်းအုပ်စုများ သည် ဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းစျေးနှုန်းများ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန်နှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းမပြုလုပ်ရန်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။