ပဲခူး၊ဧရာဝတီနှင့်မန္တလေးတိုင်းတို့တွင် စက်တင်ဘာ ၆ ရက်က ဧရာဝတီမြစ်ရေနှင့် ချောင်းမချောင်း၊ဝက်ပိုးချောင်းတို့မှ ရေများမြင့်တက်ကာ နေအိမ်များအတွင်းသို့ရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ယမန်နေ့နံနက် ၉ နာရီကျော်ခန့်မှစတင်ကာ ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၊ထုံးဘိုမြို့၊ခတ္တိယရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး နေအိမ်များအတွင်းရေဝင်ရောက်နေ၍ ထုံးဘိုနယ် မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက အိမ်ထောင်စု(၈)စုအား ထုံးဘိုမြို့၊မြသိန်းတန်ဘုရားဝင်းအတွင်းရှိ ဘုရားတန်ဆောင်များသို့ ယာယီရွေ့ပြောင်းပေးခဲ့ကြသည်။
ထို့ပြင် ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်၊ဂွေးတောက်ချောင်းကျေးရွာအုပ်စု၊နံကပ်ကြီးကျေးရွာတွင် နေ့လည် ၃ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုနိုင်၍ မြစ်ကမ်းအနီးရှိနေအိမ်များတွင် နေထိုင်သူများအား ညောင်ဂျိုးနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းဝင်များက ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြသည်။
ထို့အတူ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ရေဆုံးကျေးရွာအုပ်စု၊ကျွဲကူးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းမချောင်းနှင့်ဝက်ပိုးချောင်းတို့မှချောင်းရေများမြင့်တက်စီးဆင်းပြီး နေအိမ်များအတွင်းရေဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ရေဝင်ရောက်နေသည့်နေအိမ်များမှ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကာ ရေထွက်မြောင်းများလည်း ဖောက်လုပ်ပေးခဲ့ကြကြောင်း သိရသည်။

