ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင် ( MNHRC) အဖွဲ့ဝင် ဦးတင်အောင်ဦးဆောင်သည့်အဖွဲ့က ကော်မရှင် ဥပဒေပုဒ်မ ၄၃၊၄၄ ပြဌာန်းချက်များနှင့် အညီ ယမန်နေ့ က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးအချုပ်ထောင်၌ အကျဉ်းသားများအား အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများကို အကျဉ်းသားအချုပ်သားများနှင့် တွေ့ဆုံပြီး မေးမြန်းခဲ့ကြောင်း လည်း သိရသည်။
မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ရမ်ဇာန်ဥပုသ်ကာလ အစ္စလာမ်ဘာသာဝင် ၁၁ ဦးတို့၏ ဝတ်ပြုကိုးကွယ်နေမှု၊ အစားအသောက်စီစဉ်ပေးမှု၊ စာမတတ်သူအကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် အခြေခံအရေး၊ အဖတ်အတွက် ပညာသင်ကြားပေးနေမှု အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။
အကျဉ်းသား/အချုပ်သားများအား အချုပ်ထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား/အချုပ်သား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ ဧည့်တွေ့လာရောက်ကြသည့် အကျဉ်းသား/ အချုပ်သား မိသားစုဝင်များ ဧည့်တွေ့ရာတွင် အဆင်ပြေမှု ရှိ/မရှိ၊ အကျဉ်းသား/အချုပ်သား ထောင်ဝင်စာပစ္စည်းနှင့် စားသောက်ဖွယ်ရာများပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးကာ သီးခြား လွတ်လပ်စွာတွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/အချုပ်သား ၁၀ ဦးအား တစ်ဦးချင်းလက်ခံတွေ့ဆုံ၍လည်းကောင်း၊ ဧည့်တွေ့ရန်လာရောက်သည့် မိသားစု ၁၂ ဦးတို့ကို တွေ့ဆုံပြီး အဆင်ပြေမှု ရှိ/မရှိ မေးမြန်းကာ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုနောက် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ/မရှိနှင့် တရားရုံးထုတ်စဉ်မိသားစုဝင်များ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
