ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။
မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ ရှိသည့်အနက် ယနေ့ ၁၂ နာရီခွဲအချိန်တွင် ၈၆၆ စင်တီမီတာသို့ ရောက်ရှိနေကာ နောက်တစ်ရက်အတွင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ဆိုသည်။
ယခုလ ဇူလိုင် ၁ ရက်နေ့က ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းတွင် နေထိုင်သူများအား ရေလွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်းခဲ့ရသေးသည်။
အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၍ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရှိသည့်အနက် ယနေ့ ၁၂ နာရီခွဲအချိန်တွင် ၁၀၅၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း စိုးရိမ်ရေးမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့က မြင့်တက်လာခဲ့သည့် မန္တလေးမြို့ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၉၉၉ စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့သည်။
ယမန်နေ့က မန္တလေးမြို့၊ ဧရာဝတီမြစ်ရေသည် ၁,၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၂၄၈ စင်တီမီတာ (၈ ပေခန့်)အကွာသို့ ရောက်ရှိနေရာမှ ပြန်လည်ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဧရာဝတီမြစ်ရေအပါအဝင် နိုင်ငံတစ်ဝန်းရှိမြစ်ရေများအတက်ဘက်သို့ ဦးတည်နေမည်ဟု မြစ်ကြီးနားမြို့ မိုး/ဇလ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
