ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ ပူတာအို ပြည်သူ့ဆေးရုံကြီးအား ခုတင် (၃၀၀) ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရခွီဖုန်က မေးမြန်းခဲ့ကြောင်း သိရသည်။
ပူတာအို ပြည်သူ့ဆေးရုံတွင် လက်ရှိ၌ လူနာအချို့ကို ကုသရန်အတွက် လိုအပ်သော ဆေးဝါး၊ ဆေးရုံသုံး ကိရိယာများနှင့် အထူးကုဆရာဝန်များ မပြည့်စုံသေးသည့်အတွက် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ လွှဲပြောင်းကုသမှုများ ပြုလုပ်နေရကြောင်း၊ ထိုသို့ သွားရောက်ရာတွင်လည်း လေယာဉ်လက်မှတ် ရရှိရန် ခက်ခဲခြင်း၊ လေယာဉ်ခရီးစရိတ် ကြီးမားခြင်းတို့ကြောင့် ဒေသခံ ပြည်သူများအတွက် ဆေးကုသရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရခွီဖုန်က ထောက်ပြ ဆွေးနွေးခဲ့သည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက “ပူတာအို ပြည်သူ့ဆေးရုံ၏ ပြီးခဲ့သည့် (၃) နှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ပျမ်းမျှလူနာဦးရေမှာ (၄၀) ဦးခန့်သာ ရှိပြီး ဆေးရုံ၏ ခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ (၄၀%) ခန့်သာ ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော မူဝါဒအရ ခုတင် (၁၀၀) မှ ခုတင် (၂၀၀) အဆင့်သို့ ဦးစွာ တိုးမြှင့်ပေးရမည်ဖြစ်ရာ ဆေးရုံအဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်နေသေးသည့်အတွက် လတ်တလောတွင် ဆေးရုံအဆင့်မြှင့်တင်ရန် အစီအစဉ် မရှိသေးပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ (၁) ရုံ၊ (၂၅) ခုတင်ဆံ့ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံ (၁) ရုံအပြင် မူလာရှီဒီ၊ လုံရှာယန်နှင့် မန်စေ တိုက်နယ်ဆေးရုံများ ပါဝင်သဖြင့် စုစုပေါင်း ဆေးရုံ (၅) ရုံ ဖွင့်လှစ်ကုသပေးလျက် ရှိသည်။
ပူတာအို ပြည်သူ့ဆေးရုံသည် ခုတင် (၅၀၀) ဆံ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးနှင့် ၂၁၈ မိုင်ခန့် ကွာဝေးပြီး ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်သာ (မိနစ် ၄၅ ခန့်) သွားရောက်၍ ရရှိနိုင်ကြောင်း သတင်းရရှိသည်။
ပူတာအိုခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ် အစရှိသည့် မြို့နယ် (၅) ခု၌ စုစုပေါင်း လူဦးရေ ၁၁၀,၂၀၉ ဦးခန့် နေထိုင်လျက်ရှိသည်။
