အကယ်၍ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်းစကီးတို့ တွေ့ဆုံမှု မဖြစ်မြောက်ပါက ရုရှားသည် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
“အရမ်းကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ အရမ်းကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီ [ပဋိပက္ခ] ဟာ အဆုံးသတ်ဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်လို့ပါပဲ” ဟု တောင်ကိုရီးယားသမ္မတ လီ ဂျယ်-မြောင်နှင့်အတူ အိမ်ဖြူတော်၌ တွေ့ဆုံပွဲအစတွင် သတင်းထောက်များကို သူက ပြောကြားခဲ့သည်။
ဩဂုတ် ၂၂ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ရုရှားသမ္မတနှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုအရ အစည်းအဝေးအတွက် အစီအစဉ်တစ်ခုခုရှိလာမှသာ ပူတင်အနေဖြင့် တွေ့ဆုံရန် အသင့်ဖြစ်မည်ဟု သိရသည်။
