မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများတွင်ရှေးဟောင်း သုတေသနဆိုင်ရာ ရွှေရည်ရေးဘုရားပုံတော်အသစ်များတွေ့ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။
ထိုသို့တွေ့ရှိခြင်းသည် ပထမဆုံးအသစ်တွေ့ရှိမှုဖြစ်ပြီး မည်သည့်ရှေးဟောင်းနေရာများတွင်မှ ထိုကဲ့သို့ နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေး(ရွှေချ)သည့် အထောက်အထားမတွေ့ရှိရသေးကြောင်းလည်း သိရသည်။
သိကြားဟစ်ဘုရားသည် ညောင်ဦး – ပုဂံသွား ကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင်တည်ရှိပြီး အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ကာ ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉ ဖြစ်သည်။
ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသည့် ဘုရားပုံတော်နံရံဆေးရေးပန်းချီများနှင့် မင်စာသည် အေဒီ (၁၆) ရာစုက ဖြစ်ပြီး အေဒီ (၁၆) ရာစု၌ ဘုရင့်နောင်မင်းတရားကြီးသည် ပုဂံဒေသသို့ကြွရောက်လာသည့် အချိန်တွင်ရွှေစည်းခုံစေတီတော်ကြီး(ညောင်ဦးမြို့)အား ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
အဆိုပါ ဘုရားရှိနံရံဆေးရေးပန်းချီများ ပျ-က်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများအက်ကွဲကြောင်းများပေါ်နေသည့်အတွက် ရှေးဟောင်းသုတေသနဌာနက ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ အဆောက်အအုံထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ရာမှတဆင့် ထိုသို့တွေ့ရှိရခြင်း ဖြစ်သည်။
နံရံဆေးရေးဘုရားပုံတော်များတွင် မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ညာဘက်လက်တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့တွင် ရွှေစင်ရွှေသားများထင်ရှားစွာ ကျန်ရှိနေပါသေးပြီး ဆေးရေးပုံတော်များ၏ သွင်ပြင်လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ကြောင်း၊ ဆေးရေးပုံတော်များဘေးတွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များရေးဆွဲထားကြောင်းသိရသည်။
အသစ်တွေ့ခဲ့သည့် ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူဗုဒ္ဓပုံတော်များတွင် ယခင်ကတည်းက မင်စာများရေးထိုးထားသော်လည်း နှစ်ပေါင်းများစွာကြာမြင့်၍ ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်သည့်အခါမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အသစ်တွေ့ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော်ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပြီး မင်စာတွင်သက္ကရာဇ် – ၉၄၃ ခုနှစ်ဟုပါရှိသည့်အတွက် အေဒီ (၁၆) ရာစုဟု ယူဆရသည်ဟုလည်း ဖော်ပြထားသ ည်။
