ထိုင်းနိုင်ငံတွင် ဆန္ဒပြသူပေါင်း ၁၀၀ ကျော်သည် ပါလီမန်၌ အထက်လွှတ်တော် အမတ်များက ၎င်းတို့ ရွေးချယ်ထားသော ပီတာ လင်ဂျာရန်ရွတ်ကို ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမဲ အလုံအလောက် မပေးခဲ့သည့်အတွက် ဘန်ကောက်မြို့လယ်တွင် ဇူလိုင်လ ၁၄ ရက် သောကြာနေ့၌ စုဝေးခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများက အထက်လွှတ်တော် အမတ်များကို မဲပေးသူ ပြည်သူများ၏ ရွေးချယ်မှုကို မလေးမစား လုပ်သည်ဟူ၍ ပြစ်တင်ရှုတ်ချကာ နောက်အပတ် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် ပါလီမန်မဲခွဲပွဲ၌ လူထုကရွေးချယ်ထားသည့် ဝန်ကြီးချုပ်လောင်း ပီတာကို မဲပေးရန် ပျက်ကွက်ပါက ဆန္ဒပြမှုများ အရှိန်မြှင့်ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
၂၅ နှစ်အရွယ် ဆန္ဒပြသူ Seksit Yaemsanguansak က မိုက်ခရိုဖုန်းဖြင့် လူတိုင်းကို လာမည့်အပတ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြရန်အတွက် အဆင်သင့်ပြင်ထားရန် ဆော်ဩခဲ့သည်။
ထို့ပြင် ဆန္ဒပြသူများသည် ဘန်ကောက် အနုပညာနှင် ယဉ်ကျေးမှုစင်တာ အပြင်ဘက်တွင် စုဝေးလျက် အောင်လံတံခွန်များ ကိုင်ဆောင်ကာ အထက်လွှတ်တော်အမတ်များအား ရာထူးက ဆင်းပေးရန် တောင်းဆိုခဲ့သည်။ ၎င်းတို့သာ ရာထူးမှ မဆင်းပေးပါက နိုင်ငံအနှံ့တွင် သပိတ်မှောက်ပွဲများ ထွက်ပေါ်မည်ဟု ပြောခဲ့သည်။
ပီတာသည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၅ မဲ ရရှိရမည်ဖြစ်သော်လည်း ၃၂၄ မဲသာ ရရှိခဲ့ခြင်းဖြစ်သည်။
Source: Straitstimes