နူးဒေလီ၊မေ ၇
နှစ်ဘက်တင်းမာမှုများမြင့်တက်နေချိန်၌ အိန္ဒိယလေတပ် (IAF) သည် ပါကစ္စတန်နှင့်နယ်စပ်တစ်လျှောက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများကပြောကြားခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့ (ဒေသစံတော်ချိန်) ည ၉ နာရီ ၃၀ မိနစ်တွင် စတင်မည်ဖြစ်ပြီး နယ်စပ်အနီးရှိလေဆိပ်မှထွက်ခွာ၊ဆင်းသက်မည့် လေကြောင်းခရီးစဉ်များကိုလည်းဆိုင်းငံ့ထားမည်ဟု နူးဒေလီအခြေစိုက်သတင်းချန်နယ် NDTV ကပြောကြားခဲ့သည်။
နှစ်ရက်ကြာပြုလုပ်မည့် အဆိုပါကြီးမားသောစစ်ရေးလေ့ကျင့်မှုတွင် Rafale၊Su-30 နှင့် Jaguar လေယာဉ်များအပါအဝင် ရှေ့တန်းတိုက်လေယာဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း အခြားသောမီဒီယာများ၏ဖော်ပြချက်အရသိရသည်။
အိန္ဒိယသည် ယနေ့မေလ ၇ ရက်တွင် ပါကစ္စတန်က ထိန်းချုပ်ထားသည့ ကက်ရှ်မီးယားဒေသရှိအကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုးခုကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယအစိုးရကအတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ်မိုဒီသည် အဆိုပါလေကြောင်းတိုက်ခိုက်မှုများကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ခဲ့ကြောင်းလည်း အိန္ဒိယမီဒီယာများကဖော်ပြခဲ့သည်။
တရုတ်နိုင်ငံကမူ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အလျောက် ငြိမ်းငြိမ်းချမ်းချမ်းသာအဖြေရှာစေလိုပြီး အခြေအနေကိုပိုမိုရှုပ်ထွေးအောင်မလုပ်စေလိုကြောင်းလည်းဖျန်ဖြေစကား ပြောကြားခဲ့သည်။
Source : ရှင်းဟွာ